ShweMyanmar Mingalar co.,Ltd

Home < Story of The Buddha

အပိုင်း (၃၆) လူပေါင်းမှားသော အဇာတသတ်၏ နောင်တမျက်ရည်
Added:2021/1/21 14:15:39 Views:1290
အပိုင်း (၃၆)

လူပေါင်းမှားသော အဇာတသတ်၏ နောင်တမျက်ရည်



ဗိမ္ဗိသာရမင်းကြီးတွင် မြတ်ဗုဒ္ဓ၏ ရန်သူတော် အရှင်ဒေဝဒတ်နှင့် မိတ်ကောင်းဆွေကောင်း ဖြစ်သော အဇာတသတ်မင်းသားဟူသည့် သားတစ်ဦးရှိခဲ့၏။ အရှင်ဒေဝဒတ်နှင့် အဇာတသတ်မင်းသားတို့မှာ အချိန်များစွာ အတူပေါင်းသင်းခဲ့ကြပြီး၊ မကြာမီ အရှင်ဒေဝဒတ်သည် အဇာတသတ်မင်းသားအား ဖခင်ဖြစ်သူကိုပြန်သတ်ရန် စည်းရုံးသိမ်းသွင်းလေ၏။
တိတ်ဆိတ်မှောင်မိုက်နေသော တစ်ညတွင် အဇာတသတ်မင်းသားသည် ဓားတစ်ချောင်းကို ပေါင်တွင်ချည်နှောင်လျက် ဖခင်ဖြစ်သူ၏ အခန်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့၏။ အိပ်နေသော ဖခင်ဆီသို့ တရွေ့ရွေ့ တိုးကပ်သွားစဥ် နန်းတော်အစောင့်များက သူ့ကို ဖမ်းမိသွား၏။ ဒီအခါ မင်းကြီးသည် အဇာတသတ်မင်းသား၏ အကြံကိုသိရှိသွားခဲ့သည်။
ဗိမ္ဗိသာရမင်းကြီးက '' အင်း.....ငါ ဘုရင်ဖြစ်ခဲ့တာ အချိန်ကာလ ကြာနေပြီ ထီးနန်းအရိုက်အရာက ဆင်းပေးပြီး၊ အေးအေးချမ်းချမ်း တိုင်းပြည်အုပ်ချုပ်နိုင်အောင် အဇာတသတ်ကို ဘုရင်အဖြစ် တင်မြှောက်ချိန်တန်ပြီ၊ ငါက ဘာသာရေးလိုက်စားသူဘဝနဲ့ အနားယူနိုင်တယ် '' ဟု သားကို အပြစ်ပေးမည့်အစား ထီးနန်းလွှဲအပ်ရန် စိတ်ကူးခဲ့၏။
ဗိမ္ဗိသာရမင်းကြီးသည် အဇာတသတ်မင်းသား၏ မကောင်းသည့် ရည်ရွယ်ချက်များ အဆုံးသတ်စေရန် ဘုရင်အဖြစ်တင်မြှောက်ပေးခဲ့လေသည်။
အဇာတသတ်ကို ဘုရင်အဖြစ်တင်မြှောက်ပြီးနောက် ဖခင်မင်းကြီး အပါအဝင် လူတိုင်းက အံ့အားသင့်ခဲ့ကြတော့၏။ သူသည် အမှီးကိုကိုင်ခံထားမိသည့် မြွေပွေးတစ်ကောင်လို ပြောင်းလဲသွားပြီး၊ မကောင်းသော ရည်ရွယ်ချက်များ ရင်ထဲက ထွက်ပေါ်လာခဲ့၏။ ဖခင်ဖြစ်သူကို မှောင်မဲအေးစက်နေသည့် နန်းတွင်းမြေအောက် အကျဥ်းတိုက်အတွင်းသို့ ချထားလိုက်၏။ ''ငါကိုယ်တော်မြတ်ရဲ့မိခင်မှတစ်ပါး ဘယ်သူမှမတွေ့ရ၊ အစာငတ်ပြီး ကံတော်ကုန်အောင် ဘာအစားအသောက်ကိုမှ မပေးရဟု အမိန့်ထုတ်လေသည်။
သို့သော် ဗိမ္ဗိသာရမင်းကြီးသည် ကံတော်မကုန်ခဲ့ပေ။ သစ္စာရှိသော မိဖုရားကြီးသည် အဝ တ်အစားထဲတွင် အစားအသောက်များ လျှို့ဝှက်ယူဆောင်ပေးခဲ့သည်။ အဇာတသတ် သိသွားပြီး တားမြစ်သောအခါ ဆံထုံးထဲတွင် ဝှက်ကာ သယ်ပေးခဲ့၏။ အဇာတသတ် သိသွားပြန်၏။နောက်ဆုံးတွင် မိဖုရားကြီးသည် ရေချိုးပြီးနောက် ခန္ဓာကိုယ်တွင် ပျားရည်၊ထောပတ်၊သကြားများ ရောစပ်သုပ်သူမ၏ လိမ်းသွား၏။သူမ၏ ခန္ဓာကိုယ်ကို လျှာဖြင့်လျက်ကာ ဗိမ္ဗိသာရမင်းကြီး အသက်ဆက် ရှင်သန်ခဲ့၏။
နောက်ဆုံးတွင် မိခင်၏အကြံကို အဇာတသတ် သိရှိသွားပြီး သူမကိုပါ ဖခင်ထံသွားရောက်ခွင့် ပိတ်ပင်ခဲ့လေသည်။ထိုအခါ အစားအသောက် မရတော့ဘဲ မင်းကြီး သေချာပေါက် ကံတော်ကုန်ရမည်ဖြစ်၏။နေ့ပေါင်းများစွာ ကုန်ဆုံးသွားသော်လည်း မင်းကြီးမှာ အသက်ဆက်ရှင်နေခဲ့သည်။ အဇာတသတ်သည် စိတ်မရှည်တော့ဘဲ ဒေါသူပုန်ထကာ နန်းတော်တစ်ခွင်ရှိသမျှ လူအားလုံးကို ''ဆတ္တာသည်ကို ခေါ်ကြစမ်း'' ဟု အော်ဟစ်လေသည်။
ဆတ္တာသည်ရောက်လာသောအခါ အဇာတသတ်သည် ဒေါသတကြီးဖြင့် ''သင့်ကိုငါ အမိန့်ပေးတယ်၊ ဗိမ္ဗိသာရရဲ့ အကျဥ်းခန်းထဲကိုသွား၊ မုတ်ဆိတ်ရိတ်ဓားနဲ့ သူ့ခြေဖဝါးကိုခွဲ၊ အရေဆုတ်ပြစ်ပြီး ဆားသိပ်၊ အသားစိမ်းကို ဆီလိမ်း၊ အဲ့ဒါပြီးရင် မီးတောက်နေတဲ့ မီးခဲအပေါ် သေသည်အထိ အတင်းအကျပ် လမ်းလျှောက်ခိုင်း''ဟု အမိန့်ပေး၏။
နန်းတွင်းဆတ္တာသည်ရောက်လာသည်ကို ဗိမ္ဗိသာရမင်းကြီး မြင်သောအခါ ''အဆုံးတော့ ငါ့သားတော် မိုက်မဲမှုကို သဘောပေါက်သွားပြီပဲ။ငါ့ကို အချုပ်ခန်းက မလွှတ်ခင် မုတ်ဆိတ်ရိတ်၊ ဆံပင်ညှပ်ပေးဖို့ ဆတ္တာသည်ကို လွှတ်လိုက်တယ်''ဟု တွေးတောကာ ဝမ်းသာမျက်ရည်များ ရင်ဘတ်ပေါ်သို့ စီးကျလာလေ၏။
ဆတ္တာသည် လွှတ်ပေးမည့်အစား ရဲမက်နှစ်ယောက်၏အကူအညီဖြင့် ထီးနန်းတက်စ ဘုရင်အဇာတသတ်၏ အမိန့်အတိုင်း လုပ်ဆောင်လေ၏။ ဗိမ္ဗိသာရမင်းကြီးမှာ ဆိုဆိုးရွားရွား နာကျင်ဒဏ်ခံစား ရပြီးနောက် နတ်ရွာစံသွားခဲ့လေသည်။
ထိုနေ့မှာပင် ၎င်း၏ဇနီး မိဖုရားမှ သားငယ်မွေးဖွားသည်ဟူသော သတင်းကို အဇာတသတ်မင်း ကြားသိခဲ့၏။ ဖခင်တစ်ယောက် ဖြစ်လာခြင်းအပေါ် အလွန်အမင်း ဝမ်းမြောက် ပျော်ရွှင်ကာ စိတ်ထဲတွင် အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။ မိခင်ထံသို့ အလျက်အမြန်သွားရောက်ပြီး ''မယ်တော် ပြောပြပါအုံး၊ ကျွန်ုပ် သားငယ်လေးကို ချစ်သလောက် ခမည်းတော်က ကျွန်ုပ်ကို ချစ်ခဲ့လား''ဟုမေးမြန်းလေ၏။
မိခင်က မျက်နှာကို လှည့်လိုက်ကာ အဇာတသတ်ကို ဝမ်းနည်းသော မျက်လုံးအစုံဖြင့် အသံတိတ် စိုက်ကြည့်လိုက်၏။ ဒီနောက် '' ဖခင်မေတ္တာကို နားမလည်တဲ့ လူသတ်ကောင်၊ သား ဘယ်လိုပြောလိုက်တာလဲ အဇာတသတ်၊ သားရဲ့ဖခင်က သားကို ချစ်လားလို့မေးတယ်ပေါ့ ၊ သားအမေ့ ဝမ်းကြောတိုက်ထဲမှာ ရှိစဥ်က အမေဟာ သားဖခင်ရဲ့လက်မောင်းသွေးကို သောက်လိုတဲ့ ချင်ခြင်းတပ်ခဲ့တယ်၊ သူသိသွားတော့ သူ့သွေးကိုအမေသောက်ရအောင် လက်ကောက်ဝတ်ကို ဝမ်းပန်းတသာ လှီးဖြတ်ပေးခဲ့တယ်။
ပုရောဟိတ်တွေက သားဟာ ဖခင်ရဲ့ ရန်သူဖြစ်မယ်လို့ ဟောကိန်းထုတ်တဲ့အခါ ကိုယ်ဝန်ဖျက်ချဖို့ အမေကြိုးစားခဲ့တယ်၊ဒါပေမဲ့ သူက တားမြစ်ခဲ့တယ်။သားမွေးလာတော့ အမေက သတ်ပစ်ဖို့ ထပ်ပြီးကြိုးစားခဲ့တယ်။ တစ်နေ့ သားက သူ့ကိုပြန်သတ်မယ့်သူ ဆိုတာ သိလျက်နဲ့ သူအမေ့ကို တားမြစ်ခဲ့တယ်။ အဲ့ဒါ သားအပေါ်ချစ်တဲ့ အချစ် မဟုတ်လား''။
သား လက်မက အမာရွတ်ကိုမြင်လား၊ အဲ့ဒါ သားငယ်ငယ်က အနာစိမ်းပေါက်ရာက ရခဲ့တဲ့ဟာ၊ ဘယ်သူမှ သားကိုချော့သိပ်မရအောင် နာနာကျင်ကျင် အော်ငိုနေခဲ့တယ်။ ဒါကို သားရဲ့ဖခင်ကြားတော့ ညီလာခံကို ရပ်ပြီး၊ သားကိုကြည့်ဖို့ ပြေးလာခဲ့တယ်။ သားကို ရင်ခွင်ထဲ ပွေ့ထားပြီး အနာပြည်ပေါက်သည်အထိ သူ့ပါးစပ်ထဲမှာ ငုံထားပေးတယ်။ အို...ငါ့သားရယ် သားရဲ့ဖခင်က သားကို ချစ်တဲ့ဇောနဲ့ ပြည်တွေသွေးတွေကို မြိုချခဲ့ရှာတယ်။ ဘယ်နည်းနဲ့ သားကို မချစ်ခဲ့ဘူး ပြောမလဲ အဇာတသတ်။ပြောစမ်းပါ အဇာတသတ် သားဖခင်က သားကို လုပ်ပေးခဲ့သလို မင်းသားကို လုပ်ပေးခဲ့သလား။ သားကိုအလွန်ချစ်ရှာတဲ့ ဒီလို ဖခင်ကို မင်းမို့ သတ်ရက်လေခြင်း'' ဟု ကြေကွဲစွာ ရှင်းပြလေ၏။
ဤစကားကို ကြားသောအခါ အဇာတသတ်သည် မျက်ရည်များနှင့် ဆို့နင့်သွားပြီး၊ အစောင့်များကို ''အမြန်ပြေး ပြေးကြ၊ ငါ့ ခမည်းတော် မသေခင် အချိန်မီ လွှတ်လိုက်ကြ''ဟု အမိန့်ပေးလေ၏။ သို့သော် မည်သူမျှ မလှုပ်ကြပေ။ ''အမြန် သွားကြလေ ငါကိုယ်တော် သင်တို့ကို အမိန့်ပေးနေတယ်၊ ငါ့ခမည်းတော် မသေမီ လွှတ်ပေးကြ''ဟု အဇာတသတ်က အော်ဟစ်လေ၏။
ထိုအခါ အကြံပေးအမတ်ကြီးသည် ရှေ့တော်သို့ထွက်ပြီး ''အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ ခမည်းတော်ကြီး၊ ဒီ မနက်ကပဲ နတ်ရွာစံ ကံတော်ကုန်သွားခဲ့ပါပြီ''ဟု ဖြည်းဖြည်းချင်း လျှောက်တင်လေ၏။ အဇာတသတ်သည် ဒူးထောက် ချလိုက်ပြီး ''ခွင့်လွှတ်ပါ ခမည်းတော်ဘုရား၊ သားမိုက်ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ '' ဟု အကြိမ်ကြိမ် ပြောဆိုရင်း ခန္ဓာကိုယ် သိမ့်သိမ့်တုန်အောင် အပြင်းအထန် ငိုကြွေးလေတော့၏။
အဇာတသတ်သည် ကိုယ်တိုင် ဖခင်ဖြစ်လာမှ ဖခင်၏ချစ်ခြင်းမေတ္တာကို နားလည် သဘောပေါက်ခဲ့လေသည်။ ဗိမ္ဗိသာရမင်းကြီးကမူ စတုမဟာရာဇ်နတ်ပြည်တွင် နတ်သားတစ်ဦးအဖြစ် ပြန်လည်မွေးဖွားခဲ့လေ၏။


Previous:No Data...
Next:အပိုင်း (၃၅) မြတ်ဗုဒ္ဓကို အလွန်ကြည်ညိုကာ ဂရု…